၈၈ - စစ်အစိုးရနှင့်ကွန်မြူနစ်ပါတီ( မြန်မာပြည်)
ယခင်မဖြစ်ခဲ့ဖူးသည့်ဖြစ်ထွန်းမှုများနှင့် ပတ်သက်သော မြန်မာတပ်မတော် အစိုးရ မှာ ရှုပ်ရှုပ်ထွေးထွေး နိုင်သလို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး အပြောင်းအလဲလည်း မြန်လှသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် တပ်မတော်အနေနှင့် ၎င်း၏အခိုင်အမာ အာဏာစက်ကို အင်အားသုံး ပြသခဲ့ပြီးနောက် ၎င်း၏လုပ်ရပ်များ တရားကြောင်း သက်သေပြနိုင်ရန် ထုံးစံအတိုင်း ‘ဗကပ ခြိမ်းခြောက်မှု’ဆိုသည်ကို ကြိုးစား ဖော်ထုတ်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့ထုတ် အစိုးရအာဘော် သတင်းစာ ‘လုပ်သား ပြည်သူ့နေ့စဉ်’ တွင် ထူးထူးခြားခြား စိတ်ကူးကောင်းသည့် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဆောင်းပါး ခေါင်းစဉ်မှာ ‘ဒီမိုကရေစီ ကြွေးကြော်သံများ ကြားမှ ဗကပ ပဉ္စမံ တပ်သားများ’ ဟူ၏။ (အစိုးရက CPB ကို ဗကပဟု အမြဲသုံးသည်။)
ဤဆောင်းပါးတွင် ယခုလို ရေးထားသည်။ “ကျောင်းသားများ အင်အားစု တစ်ရပ်အဖြစ် စုစည်းလာသည်နှင့် ဗကပ အမာခံ ကျောင်းသားများမှာ ခေါင်းဆောင်မှု နေရာများကို ရယူလိုက်ကြပါသည်။ သာမန် မကျေနပ် စိတ်သာရှိကြသော ရိုးရိုးကျောင်းသားများ အနေနှင့် ဗကပ ကလာပ်စည်းဝင် ကျောင်းသားများ၏ စစ်သွေးကြွ လှုပ်ရှားမှုများကို မည်သို့မျှ ယှဉ်နိုင်ကြသည် မဟုတ်ပါ။ အဆိုပါ ဗကပ ကျောင်းသားများမှာ ယခုလို အရေးအခင်းမျိုးတွင် သွေးထိုး လှုံ့ဆော်ရန်၊ အကြမ်းဖက် လှုပ်ရှားရန်အတွက် အထူးလေ့ကျင့် ပြင်ဆင်ထားသူများ ဖြစ်ကြသည်။ ဤဆောင်းပါးမှာ ကျွန်တော့် စိတ်ထင်ရာ လုပ်ကြံဖန်တီး ရေးသားထားခြင်း မဟုတ်သည်ကို ယုံကြည် ကြစေလိုသည်။ မြေအောက် ဗကပ အမာခံကေဒါ ဘယ်လောက်များများ မြေပေါ်တွင် စိမ့်ဝင် နေသည်ကို ကျွန်တော်ကိုယ်တိုင် ခိုင်ခိုင်မာမာ သိထားသည်များ ရှိပါသည် ...” စသည်ဖြင့်။
ဆောင်းပါး၏ ကျန်စာသားများမှာကား ထုံးစံအတိုင်း အာပေါင်အာရင်း သန်သန်ဖြင့် ရေးထားသော အထောက်အထား ခိုင်ခိုင်မာမာ မရှိလှသည့် ကိုးရိုးကားရား စွပ်စွဲချက်တွေသာ များပါသည်။ သို့တစေ ဆိုခဲ့ပါအတိုင်း အတုံးလိုက် အတစ်လိုက် ဝါဒဖြန့်ချိရေး သက်သက် ဖြစ်သည့်တိုင် ‘ကွန်မြူနစ် ခြိမ်းခြောက်မှု’ ဆိုသော ပြဿနာမှာ မြန်မာ့ တပ်မတော်အတွက် သာမက ရန်ကုန်မြို့ရှိ ပုဂ္ဂိုလ်အချို့အတွက်ပါ ပုံကြီးချဲ့စရာ နိုင်ငံရေး ကစားကွက် ဖြစ်လာခဲ့သည်။ ဤပုဂ္ဂိုလ်များမှာ ယမန်နှစ်က ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုကြီးတွင် လက်ဦး အစကတည်းက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများလည်း ဖြစ်သည်။ သူတို့ထဲမှ ထင်ရှားသူနှစ်ဦးမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့် အေပီ သတင်းဌာန၏ ဌာနေသတင်းထောက် ဂါးဒီးယန်း ဦးစိန်ဝင်းတို့ ဖြစ်ပါသည်။
အဆိုပါ ပြဿနာကို အကြောင်းပြုပြီး ၁၉၈၈ ဒီဇင်ဘာတွင် အကြီးဆုံး အတိုက်အခံ ပါတီကြီးအတွင်း အရေးကြီးသော သဘောထား ကွဲလွဲမှုတစ်ခု ပေါ်ထွက်လာလေတော့သည်။ ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးက ဒုတိယဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်း အကွဲအပြဲ ဖြစ်ပါသည်။
ဦးအောင်ကြီးက NLD ထိပ်ပိုင်း ခေါင်းဆောင်များထဲမှ ကွန်မြူနစ်ဟု သူစွပ်စွဲထားသူ ရှစ်ဦး၏ အမည်စာရင်းကို တင်ပြလိုက် သည်။ ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ဦးမိုးသူ၊ ဦးဝင်းတင်၊ ဦးတင်ရွှေ၊ ဦးထွန်းတင်၊ ဦးအောင်လွင်နှင့် ဦးချမ်းအေးတို့ ဖြစ်သည်။ ဤတွင် ဦးအောင်ကြီး အနေနှင့် သူ့စွပ်စွဲချက်အတွက် ခိုင်ခိုင်လုံလုံ အထောက်အထား မပြနိုင်လျှင် ရာထူးမှ နုတ်ထွက်ပေးရမည်ဟု တစ်ဖက်မှ တောင်းဆိုလာကြသည်။ သည်လိုနှင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဦးအောင်ကြီးနှင့် အပေါင်းအပါ ၁၂ ဦး NLD မှ နုတ်ထွက်ခဲ့ကြသည်။ ဦးအောင်ကြီး အုပ်စု၏ နောက်ထပ် စွပ်စွဲချက် တစ်ခုမှာ ယခင် CPB ဗဟိုကော်မတီဟောင်း တစ်ဦးဖြစ်သူ အသက် ၇၀ ကျော် အရွယ်ရှိ သခင်တင်မြ သည်လည်း NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လျှို့ဝှက်ရုံး ဖွင့်ပြီး သူမ၏ အဓိကအကြံပေး အဖြစ် လှုပ်ရှားနေသည်ဟု ဆိုပါသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး အခြားသော လေ့လာ သုံးသပ်သူများကမူ ၁၉၈၈ လူထု အုံကြွမှုတွင် သခင်တင်မြ ပါဝင်ခဲ့သည့် အခန်းကဏ္ဍမှာ စိတ်ဓာတ် ရေးရာအရ ထောက်ခံရုံ သက်သက်မျှသာ ဖြစ်ပါသည်ဟု ထောက်ပြကြသည်။ NLD ခေါင်းဆောင်စုထဲမှ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရသူ ရှစ်ဦးထဲမှ နှစ်ဦးသာလျှင် အဆင့်တစ်ခုတွင် ကွန်မြူနစ် အဖွဲ့အစည်းများနှင့် အပတ်အသက် ရှိကြသည်ဟုလည်း ဆိုပါသည်။ ဦးကိုယုမှာ ၁၉၆၀ ပြည့်လောက်အထိ သခင်စိုး၏ အလံနီ ပါတီနှင့် အဆက်အသွယ် ရှိခဲ့သည်။ ဦးချမ်းအေးမှာလည်း ၁၉၄၈ မှ သူအဖမ်းခံခဲ့ရသည့် ၁၉၅၇ အထိသာ မြေအောက် ကွန်မြူနစ်ပါတီ (CPB) တွင် လှုပ်ရှားခဲ့သည်။ နှစ်ဦးလုံးမှာ မြေပေါ်ရောက်ပြီး နောက်ပိုင်း ကွန်မြူနစ် ဝါဒကို ဝေဖန် ရှုတ်ချခဲ့သူများလည်း ဖြစ်ပါသည်။ စွပ်စွဲခံရသူများထဲမှ ကျန်ခြောက်ယောက်မှာ ရှေ့နေများ၊ စာရေးဆရာများနှင့် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးသာ ဖြစ်သည်။ သူတို့ တစ်တွေမှာ CPB သို့မဟုတ် အလားတူ အဖွဲ့အစည်းများတွင် ဘယ်တုန်းကမှ တက်တက်ကြွကြွ ပါဝင်ခဲ့သူများ မဟုတ်ပါချေ။
သို့နှင့်တိုင် ဤပြဿနာမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ဆက်လက် သံသယ ပွားစေခဲ့သည်မှာကား အမှန်ပင် ဖြစ်သည်။ အတိုက်အခံ အင်အားစုကို အယုံအကြည် ကင်းမဲ့စေရန် ရည်ရွယ်ကြောင်း ထင်ရှားပါသည်။ တပ်မတော် အတွက်လည်း ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် အာဏာ သိမ်းစဉ်က အင်အား သုံးခဲ့ရသည်မှာ ခိုင်မာသော အကြောင်းအချက် ရှိကြောင်း သာဓက ပြနိုင်သည့် ဆင်ခြေတစ်ခု ဖြစ်လာခဲ့ပါသည်။
တပ်မတော်၏ပေါ်လစီကို ထောက်ခံကြသူများကမူ“တောထဲရှိ မြေအောက် လက်နက်ကိုင် အဖွဲ့အစည်း CPB နှင့် မြို့ပေါ်ရှိ လျှို့ဝှက် ကလာပ်စည်းများ၊ တက်ကြွလှုပ်ရှားသူ များက အတိုက်အခံ လှုပ်ရှားမှုများကို နောက်ကွယ်မှ ကြိုးကိုင်နေကြသည်” ဟု အခိုင်အမာ ဆိုကြသည်။ သို့တစေ ဤအပြောအဆိုများမှာ သမိုင်း အချက်အလက်များနှင့်ကား ဆန့်ကျင်ဘက်ဟု ဆိုရမည်သာ ဖြစ်ပါသည်။ အမှန်စင်စစ် ကျေးလက် အခြေခံ မြို့ဝိုင်းဆိုသော မော်စီတုန်း ပေါ်လစီကို လက်ခံ အတည်ပြုခဲ့သော ၁၉၅၀ ပြည့်လွန် နှစ်များ၏ အစောပိုင်း လောက်ကတည်းက CPB ၏ သြဇာမှာ မြို့ပြ ဒေသတွင် လျော့ပါး ကျဆင်းနေခဲ့ပြီး ဖြစ်သည်။ ထိုသည်၏နောက် မြို့ပြ လှုပ်ရှားမှုများ အတွင်း CPB ၏ လက်ကျန် သြဇာမှာလည်း ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း ထွက်ပေါ်ခဲ့သော ‘ဖြုတ်-ထုတ်-သတ်’ အပုတ်ချပွဲများကြောင့် မကျန်သလောက်ပင် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။
ပြောရလျှင် ရန်ကုန်တွင် ရှိနေသော လကဝဲဝါဒီ အဟောင်းအသစ်များမှာ အစဉ်အလာနှင့် နိုင်ငံရေး နောက်ခံချင်း လုံးဝတူညီကြသည် မဟုတ်ပါချေ။ သူတို့တစ်တွေမှာ ၁၉၆၂ တပ်မတော် အာဏာ မသိမ်းမီက ရှိခဲ့ကြသော ဥပဒေဘောင် အတွင်းမှ လက်ဝဲပါတီများ၊ အလုပ်သမား သမဂ္ဂများနှင့် ဆက်နွှယ်နေသော အတိုက်အခိုက်များသာ ဖြစ်သည်။ ၁၉၅၇-၁၉၅၈ ကာလ များလောက်က ဥပဒေဘောင်တွင်း ရောက်ရှိလာကြသော CPB လူဟောင်း အချို့လည်း ရှိသည်။ ယခင်မြေပေါ် လက်ဝဲအနွယ်များ ထဲမှဆိုလျှင် အဓိကအားဖြင့် ‘ဆိုရှယ်နီပါတီ’ (BWPP) နှင့် ၎င်းင်းတို့ ဦးဆောင်ပါဝင်သော‘ပမညတ’(NUF) တို့ရှိသည်။‘အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ် (ဗမာနိုင်ငံ) (TUC(B)) နှင့် ‘ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး’ (ABPO) တို့လည်း ရှိသည်။
ယခင်ဆိုရှယ်နီနှင့် ပမညတ ကေဒါဟောင်းများမှာ ၁၉၆၂ မှစ၍ တစ်ကွဲတစ်ပြား ဖြစ်သွားခဲ့သည်။ ပမညတ ခေါင်းဆောင် ဦးဘငြိမ်းမှာ ယခင်CPB ခေါင်းဆောင်ဟောင်း (ဦး) သိန်းဖေ (မြင့်) လိုပင် တပ်မတော် အစိုးရ၏ အကြံပေး ဖြစ်သွားသည်။ ဆိုရှယ်နီဟောင်း တော်တော်များများမှာလည်း အာဏာရ ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’သို့ ဘက်ပြောင်း သွားခဲ့ကြသည်။
၁၉၈၈ အာဏာ သိမ်းပြီးနောက်တွင်ကား ယခင်မြေပေါ် လက်ဝဲ အနွယ်များမှာ ပုံစံသစ်များဖြင့် စုစည်းလာကြပြီး ပါတီသစ်များ ဖွဲ့စည်းလာခဲ့ကြသည်။ သခင်ချစ်မောင် (ဝိဓူရ) ဦးဆောင်သော ‘အမျိုးသား ပြန်လည် တည်ဆောက်ရေး ဒီမိုကရက်တစ်တပ်ဦး’ နှင့် သခင်လွင် ဦးဆောင်သော
‘ပြည်သူ့ ဒီမိုကရေစီပါတီ’ စသည်တို့ ဖြစ်သည်။ ယခင်ဆိုရှယ်နီ ပါတီမှ ဖြာထွက်လာသော ပါတီသစ်များ ဖြစ်ပါသည်။ အလံနီ ခေါင်းဆောင်ဟောင်း သခင်စိုး (၁၉၈၉ မေလတွင် ကွယ်လွန်) CPB မှ သခင်တင်မြ၊ ဗိုလ်ရဲထွဋ်၊ ရဲဘော်ချမ်းအေးနှင့် တော်တော်များများမှာ သူတို့သက်ဆိုင်ရာ ပါတီများနှင့် အပြီးအပြတ် လမ်းခွဲခဲ့ကြပြီးပြီဟု ယူဆရပါသည်။ ၁၉၈၆ ဒီဇင်ဘာမှ ၁၉၈၇ မတ်လအတွင်း ပန်ဆန်းတွင် CPB ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ရာ သူတို့တစ်တွေက ဆိုခဲ့ပါ လူဟောင်းများနှင့် ပတ်သက်လျှင် ‘တော်လှန်ရေးကို ကျောခိုင်းသွားသော သစ္စာဖောက် အချောင်သမားများ အဖြစ် တင်းတင်းမာမာ သဘောထားကြသည်ကိုသာ တွေ့ရပါသည်။
သို့ဖြစ်လင့်ကစား တပ်မတော် အစိုးရအနေနှင့်မူ ‘ကွန်မြူနစ်တစ္ဆေ’ ဆိုသော ဂါထာမန္တန်ကိုသာ အထပ်ထပ်အခါခါ ရွတ်ဖတ် သရဇ္ဈယ် နေခဲ့သည်။ သို့အတွက်ကြောင့်ပင် ၁၉၈၉ ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှုအကြီး ပေါ်ထွက်လာသော အခြေအနေသစ်များကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင် ဖြစ်လာ သည်။ ၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုလို ပြောကြားသွားခဲ့သည်။ “ဗကပပါတီ အတွင်းမှာ အကွဲအပြဲတွေ ရှိလာပါတယ်။ ကိုးကန့်အဖွဲ့နဲ့ ဝ အဖွဲ့ဟာ ပင်မ ဗကပက ခွဲထွက်သွားကြပြီလို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒီအကွဲအပြဲကြောင့် ဗကပဟာ မြေအောက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ အသေအချာ အားနည်း သွားပါလိမ့်မယ်။ ဒါပေမဲ့ မြို့ပြဒေသ အဖျက်အမှောင့် လုပ်ငန်းတွေမှာ ပိုအာရုံစိုက်လာဖို့ ရှိနိုင်တယ်။ ကျွန်တော်တို့ သတင်း ရသလောက်ဆိုရင် မြို့တော်တော်များများမှာ ဗကပ အနွယ်တွေ ရှိနေတယ်။ ဗကပအနေနဲ့ အတိုင်းအတာ တစ်ရပ်အထိ အန္တရာယ် ပေးနိုင်တဲ့ အနေအထားမှာ ရှိနေဆဲပါ ...။”
ဤအချိန်တွင် မုန်းကိုးနှင့် ပန်ဆန်းမှ ထွက်ခွာလာခဲ့သောCPB ခေါင်းဆောင်များနှင့် ကေဒါများ (စုစုပေါင်း လူ ၃၀၀ ခန့်ရှိ) မှာ တရုတ်ပြည်ဘက်သို့ ခြေလွတ်လက်လွတ် ထွက်ခဲ့ရပြီး နေရာပင်မရှိ အခက်ကြုံ နေကြရသည်။ တရုတ်အစိုးရက သူတို့ကို ယူနန်ပြည်နယ်ထဲရှိ နယ်စပ်မြို့လေး နှစ်မြို့ဖြစ်သော မန်းဟိုင်းနှင့် မုန့်လျင်မြို့များတွင် ပထမဆုံး နေရာချထားပေးသည်။ လွတ်လွတ်လပ်လပ်ကား မဟုတ်။ ဤအခြေအနေမျိုးတွင် အစိုးရ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့သလို ရန်ကုန်သို့မဟုတ် မြန်မာနိုင်ငံရှိ မည်သည့် နေရာတွင်မှ အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဧပြီလ ၁၇ ရက်နေ့ ....CPB ခေါင်းဆောင်ကြီးများ နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာကြသောအခါ တရုတ်တို့အတွက်လည်း ဘေးကျပ်နံကျပ် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကတည်းက ဘေဂျင်း၏ ပေါ်လစီမှာ CPB ကို ဘက်ပေါင်းစုံ ထောက်ပံ့ ကူညီရေးမှသည် တရုတ်-မြန်မာ နယ်စပ်ဒေသကို ထိန်းချုပ်နိုင်မည့် မည်သည့် အင်အားစုနှင့်မဆို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးသို့ တဖြည်းဖြည်း ပြောင်းလဲ ကျင့်သုံးဖို့ ဖြစ်သည်။ တစ်ပြိုင်နက် တည်းမှာပင် ရန်ကုန်ရှိ မြန်မာအစိုးရနှင့် တရားဝင် ဆက်ဆံရေး တိုးတက် မြှင့်တင်ဖို့ကိုလည်း အာရုံထားဖို့က ရှိနေသည်။
စစချင်းတော့ CPB ခေါင်းဆောင်စု တစ်ခုလုံးနှင့် မိသားစုများကို ပန်ဆန်းနှင့် မျက်နှာချင်းဆိုင် ယူနန်ပြည်နယ် ဘက်ခြမ်းရှိ မုန့်လျင် နယ်စပ်မြို့လေးတွင် ထိန်းသိမ်းထားခဲ့သည်။ မြောက်ပိုင်း ဗျူရိုဌာနချုပ်မှ ထွက်ပြေးလာသူများကိုမူ မုန်းကိုးချိုင့်ဝှမ်း မြစ်တစ်ဖက်ကမ်းရှိ မန်းဟိုင်းမြို့လေးတွင် ယာယီခိုလှုံခွင့် ပေးထားခဲ့သည်။ သို့နှင့်တိုင် ဘေဂျင်းနှင့် ရန်ကုန်ရှိ စစ်အစိုးရကြား ဆက်ဆံရေး ကောင်းမွန်စေရေး အမြင်ဘက်မှ ကြည့်လိုက်လျှင်မူ CPB ခေါင်းဆောင်ဟောင်းကြီးများ ယူနန်နယ်ထဲ ရှိနေသည်မှာ တရုတ် အာဏာပိုင်များအတွက် မျက်နှာ ပျက်စရာလို ဖြစ်နေသည်။
သို့ဖြင့် တရုတ်ပြည်ကပင် တပ်တွင်းပုန်ကန်မှု ခေါင်းဆောင်များကို ချဉ်းကပ်ပြီး သူတို့၏ ယခင်ခေါင်းဆောင်များကို ပြန်ခွင့်ပေးကာ မြန်မာပြည် ဘက်ခြမ်းတွင် နေခွင့်ပေးပါရန် ဖျောင်းဖျ ကြည့်ခဲ့သည်။ သို့တစေ ပန်ဆန်းရှိ ကွန်မြူနစ် မဟုတ်သော ခေါင်းဆောင်များက တရုတ်တို့၏ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ ဤကိစ္စ ဖြေရှင်းရန် တခြားတစ်နေရာ ရှာပါဟူ၍ပင် သူတို့က ပြန်တိုက်တွန်း လိုက်သေးသည်။ သည်လိုနှင့် တရုတ် အာဏာပိုင်များအတွက် ဘုံပျောက်နေသော CPB ခေါင်းဆောင်ကြီးများမှာ ဗြဟ္မာကြီး ဦးခေါင်းလို ဖြစ်နေရတော့သည်။
နောက်ဆုံး ဇွန်လ ၂၂ ရက်သို့ ရောက်သောအခါ သခင်ဗသိန်းတင်၊ ရဲဘော်ခင်မောင်ကြီး၊ ဗိုလ်မျိုးမြင့်၊ ဗိုလ်ကြင်မောင်၊ ရဲဘော်တင်ရီနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အပါအဝင် တရုတ်ပြည်ရောက် CPB ခေါင်းဆောင်ဟောင်းများကို တရုတ်တပ်မတော် မော်တော်ယာဉ် ဖြင့်တင်ကာ ယူနန်ပြည်နယ်မှ ယခင် ၁၀၁ စစ်ဒေသ၊ ကမ်ပိုက်တီး တောင်ကြားသို့ ပို့လိုက်ကြသည်။ ဤနယ်မြေရှိ ဒေသခံတပ်များမှာ တပ်တွင်း ပုန်ကန်မှု စတင်စဉ်ကပင် KIA နှင့် လက်တွဲလိုက်ကြပြီ ဖြစ်သည်။ ကချင်လက်နက်ကိုင်များ အနေနှင့်လည်း CPB ခေါင်းဆောင်ဟောင်းများကို သူတို့ဒေသတွင် လက်ခံ လိုက်ရသည်မှာ တရုတ်ပြည်၏ ဖိအားကြောင့်ပင် ဖြစ်သည်။ သို့တစေ အဆိုပါ CPB ခေါင်းဆောင်များကို မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ မပါရဟူ၍ကား တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့သည်။
သို့နှင့်တိုင် အစိုးရ၏ ဝါဒ ဖြန့်ချိရေး စကားလုံးများထဲတွင်ကား CPB မှာ အခိုင်အမာ ရှိနေဆဲပင် ဖြစ်သည်။ တောထဲတွင် ကွန်မြူနစ် လက်နက်ကိုင် တပ်ရှိသည်။ မြို့ပေါ်တွင် ကွန်မြူနစ် လျှို့ဝှက် ကလာပ်စည်းတွေ ရှိသည် ... စသဖြင့် ...။ တကယ်တော့ CPB မှာ တောထဲတွင်ရော မြို့ပေါ်တွင်ပါ ပြိုကွဲ သွားခဲ့ပြီ ဖြစ်ပါသည်။ အစိုးရ အနေနှင့်ကား ဤအမှန်တရားကို ဝန်မခံလို ...။ မိမိအာဏာ တည်မြဲရေး၊ တစ်နည်း ငြိမ်ဝပ် ပိပြားရေးအတွက် ကွန်မြူနစ် တစ္ဆေကို ပွဲထုတ်နေရဆဲ ရှိသည်။ အစိုးရဘက်မှ တီထွင် ဖန်တီးလိုက်သော ‘လျှို့ဝှက် လုပ်ကြံရေးသီအိုရီ’ ဟု ဆိုရပါလိမ့်မည်။
အဆိုပါ ‘လျှို့ဝှက် လုပ်ကြံရေးသီအိုရီ’ ဆိုသည်၏ အစွန်း အရောက်ဆုံး သရုပ်သကန်ကို ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် လူသိရှင်ကြား ထုတ်ဖော် ပြောကြား လိုက်ပါသည်။ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က ခြောက်နာရီကြာ မာရသွန် မိန့်ခွန်း ရှည်ကြီးဖြင့် ‘ဗကပ တို့၏ အစိုးရ မတည်မငြိမ် ဖြစ်စေရန် လုပ်ကြံမှုများ’ ဆိုသည်ကို စွပ်စွဲ ဖွင့်ချသွားခဲ့သည်။ နောက်ပိုင်းတွင် ဤမိန့်ခွန်းကိုပင် စာအုပ်ထုတ်ဝေပြီး ပြည်တွင်းပြည်ပ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့သည်။ ဗိုလ်ချုပ် ခင်ညွန့်၏ မိန့်ခွန်းတွင် စိတ်ဝင်စားဖွယ်ရာ အသေးစိတ် ဇာတ်ကွက်လေး တစ်ကွက်တော့ ပါသည်။ ရန်ကုန် ဆင်ခြေဖုံး၊ ကုတ်ကိုင်း ရပ်ကွက်ရှိ ကိုကာကိုလာ ဆိုင်လေးတစ်ဆိုင်မှ ကွန်မြူနစ် အမာခံ စည်းရုံးရေးမှူးများ၏ လျှို့ဝှက် အစည်းအဝေး ...။ သို့တစေ ဗိုလ်ချုပ် ခင်ညွန့်အနေနှင့် သူ့မိန့်ခွန်းပါ စွပ်စွဲချက်များအတွက် ခိုင်လုံသော သက်သေ အထောက်အထားများကိုကား ဟုတ်ဟုတ် ညားညား မပြသနိုင်ခဲ့ပါချေ။
သူစွပ်စွဲလိုက်သော ရန်ကုန်ရှိ အတိုက်အခံ အင်အားစုများနှင့် CPB ၏ အဆက်အသွယ် ဆိုသည်နှင့် ပတ်သက်သော သာဓကဆို၍ ‘စာနှစ်စောင်’ သာရှိပါသည်။ CPB မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမမိခင် ဒေါ်ခင်တို့ထံ ပေးပို့ခဲ့သော စာနှစ်စောင်ဟု ဆိုပါသည်။ (ဒေါ်ခင်ကြည်မှာ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကပင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။) ပထမစာမှာ မီးရှို့ပစ်လိုက်ပြီဟု ဗိုလ်ချုပ်ခင်ညွန့်က ပြောသည်။ ဒုတိယစာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက် မရောက် မသေချာဟု သူကဆိုသည်။
အစိုးရဘက်မှ ဝန်မခံ လိုသည့်တိုင် လက်တွေ့ကျကျ ဆိုရလျှင် ၁၉၈၈ အရေးအခင်းမှာ CPB အပါအဝင် မည်သည့် အင်အားစု၏ လုပ်ကြံမှုမှ မဟုတ်ပါ။ အရည်အချင်း မပြည့်မီသော၊ ဖိနှိပ်သော အစိုးရအပေါ် မကျေနပ်ရာမှ ပေါက်ကွဲ ပေါ်ထွက်လာသော လူထုအုံကြွ မှုကြီးသာ ဖြစ်ပါသည်။ CPB အပါအဝင် နိုင်ငံရေး အင်အားစုများ၏ ပယောဂမှာ လွန်ရောကျွံရော၊ မူလကတည်းက ရှိပြီးသား အစိုးရနှင့် လူထုကြား တင်းမာမှုကို ပိုမိုဆိုးဝါးစေရန် လောက်သာ ရှိပါလိမ့်မည်။
သို့တိုင်အောင် ဗိုလ်ချုပ်ခင်ညွန့်၏ မိန့်ခွန်း ရှည်ကြီးတွင် လူတော်တော်များများကို အံ့အားတသင့် ဖြစ်စေခဲ့သည့် အသေးစိတ် ဖော်ပြချက် အချို့တော့ ပါသည်။ ‘ဗကပတို့၏ နိုင်ငံတော် အာဏာ သိမ်းပိုက်ရန် စီမံချက်’ ဟု သူက ဆိုသည်။ ဤစီမံချက်အရ အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ရှိ မြေအောက် ကာလပ်စည်းများ၏ လှုပ်ရှားမှုများကို ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ‘၄၈၂၈ ဒေသပါတီ ကော်မတီ’ ဆိုသည်ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ (၄၈၂၈ ဆိုသည်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တော်လှန်ရေး စတင်သော ၁၉၄၈ မတ်လ ၂၈ ရက်ကို ညွှန်းသည့် သင်္ကေတ ဖြစ်သည်။)
အသေးစိတ် လေ့လာစိစစ်မှုများအရ ဆိုလျင်မူ အဆိုပါ ၄၈၂၈ ကော်မတီကို တောတွင်း CPB ဖွဲ့စည်းခဲ့သည် မဟုတ်ပါ။ ဒီမိုကရေစီ အုံကြွမှုကြီးကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီအသစ် တစ်ရပ် ထူထောင်ရန် ရည်ရွယ်ခဲ့ကြသော CPB ပါတီဝင်ဟောင်း အချို့၏ ကြိုးပမ်းချက်ဟု ဆိုပါသည်။ ဤအဖွဲ့၏ ခေါင်းဆောင်မှာ ယခင် CPB အမာခံ ဒေသ ဖိုးခေါင်တောင်တန်း (မကွေးတိုင်း) မှ နိုင်ငံရေးမှူးဟောင်း ဗိုလ်သက်ထွန်းဟု ဆိုသည်။ (ဗိုလ်သက်ထွန်းမှာ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်ကာလက အလင်းဝင်ခဲ့သူ ဖြစ်သည်။) ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များ လောက်က ကိုကိုးကျွန်းတွင် အကျဉ်းကျ ခံခဲ့ရသော CPB အဖွဲ့ဝင်ဟောင်း အချို့လည်း ဤအဖွဲ့တွင် ပါသည်ဟု ဆိုသည်။ (ကိုကိုးကျွန်းမှာ ကိုလိုနီခေတ်က ပြစ်ဒဏ် ကျခံရသူများကိုထားရာ အက်ဒမန် ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်း ဖြစ်ပါသည်။)
အဆိုပါ လေ့လာတွေ့ရှိချက်အရ ဆိုလျှင် အစုငယ်လေး တစ်ခုမျှသာ ဖြစ်သော ၄၈၂၈ ကော်မတီမှာ တောတွင်း CPB နှင့် အဆက်အသွယ် ရှိဟန်မတူပါ။ သူတို့ရည်ရွယ်ချက်မှာလည်း သမိုင်းကွက်လပ် ဖြည့်ရုံထက် မပိုလှဟု ယူဆရပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၄၈၂၈ ကော်မတီနှင့် အဆက်အသွယ် ရှိခဲ့သော မြန်မာ ကျောင်းသားများ၏ အပြောအရ ဆိုလျှင်လည်း အဖျားအနားမျှသာ ဖြစ်သော ဤအစုမှာ လူထု အုံကြွမှုကြီးတွင် ထဲထဲဝင်ဝင် မပါခဲ့ဟု သိရပါသည်။
အားနည်းသော ထောက်လှမ်းရေးကြောင့် တကယ့် ဖြစ်ရပ်မှန်များမှာ သူကိုယ်တိုင် မသိသည်လော သို့မဟုတ် တမင် ရှုပ်ထွေးအောင် ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြောဆိုခဲ့သလော ... ဆိုသည်ကိုမူ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်မှ သိပါလိမ့်မည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း CPB ၏ လှုပ်ရှားမှုများနှင့် ပတ်သက်လျှင်သော် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များနှင့် ပတ်သက်လျှင်သော် လည်းကောင်း ပုံဖျက်ထားသည့် လက်တွေ့နှင့် ကင်းကွာသော ဝါဒဖြန့်ချိရေး အမြင်များနှင့်သာ လူထုကို အသိပေးခဲ့ကြသော်လည်း မြန်မာစစ်ဘက် အာဏာပိုင်များမှာ တပ်တွင်းပုန်ကန်သူ အချို့နှင့် လျှို့ဝှက် ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ခဲ့ကြပါသည်။ မြောက်ပိုင်း တပ်တွင်းပုန်ကန်မှုအပြီး တစ်ပတ်မျှ အကြာ မေလ ၂၀ ရက်နေ့ကပင် ဤကိစ္စအတွက် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့သည်။ လားရှိုး အခြေစိုက် မြန်မာ့တပ်မတော် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ ကိုးကန့်ခေါင်းဆောင် လောစစ်ဟန်နှင့် ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသည်။ လောစစ်ဟန်မှာ ရွှေတြိဂံဒေသ၏ ထင်ရှားသော ဘိန်းဘုရင်ဟောင်း ဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များက လားရှိုး အခြေစိုက် ကာကွယ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ ကိုးကန့်နယ်သား တစ်ဦးလည်း ဖြစ်သည်။ ၁၉၇၁-၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဆုံးအဖြတ် တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည့် ကွန်းလုံတံတား တိုက်ပွဲတွင် မြန်မာတပ်မတော်နှင့် လက်တွဲပြီး CPB ကို တိုက်ခိုက်ခဲ့ဖူးသည့် အစဉ်အလာရှိသည်။ အပြန်အလှန်အနေနှင့် မြန်မာ့ တပ်မတော်ဘက်မှလည်း ရှမ်းပြည်နယ်ရှိ အစိုးရ ထိန်းချုပ်ထားသော လမ်းများ၊ မြို့များကို လောစစ်ဟန်၏ ဘိန်းမှောင်ခို လုပ်ငန်းအတွက် အသုံးပြုခွင့် ပေးခဲ့သည်များလည်း ရှိသည်။
သို့နှင့်တိုင် အချို့သော ကာကွယ်ရေးအဖွဲ့များမှာ စစ်ဘုရင်များဆန်ဆန် ပြုမူလာကြရာ တပ်မတော် ကိုယ်တိုင်က မထိန်းနိုင်တော့၍ ၁၉၇၃ ခုနှစ်တွင် ကာကွယ်ရေး အားလုံးကို ဖျက်သိမ်းလိုက်ရသည်။ ဤတွင် အချို့သော ကာကွယ်ရေးများမှာ အဖျက်မခံဘဲ ဆက်လက်ပြီး လက်နက်ဆွဲကိုင်ခဲ့ကြရာ လောစစ်ဟန်မှာ သူတို့ထဲမှ တစ်ဦးဖြစ်သည်။ ထိုသည်၏ နောက်တွင်မူ တောခိုသွားခဲ့ပြီး ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော SSA နှင့် ခေတ္တမျှ ပူးပေါင်းသွားခဲ့သည်။ ၁၉၇၃ သြဂုတ် ၁၆ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက သူ့ကို ဖမ်းဆီးပြီး မြန်မာအစိုးရသို့ လွှဲအပ်ပေး ခဲ့သည်။ မြန်မာအစိုးရက လောစစ်ဟန်ကို ဘိန်းမှောင်ခိုမှုနှင့်မဟုတ်ဘဲ နိုင်ငံတော် ပုန်ကန်မှုနှင့် တရားစွဲကာ သေဒဏ်ပေးခဲ့သည်။ သို့တစေ ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထိုစဉ်မှ စ၍ လောစစ်ဟန်လည်း လားရှိုးပြန်ပြီး ကာကွယ်ရေးအဖွဲ့ ပြန်လည် ဖွဲ့စည်းနိုင်ရန် အခါအခွင့်ကို စောင့်နေခဲ့ပါသည်။
၁၉၈၉ ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှု ပေါ်ထွက်လာသောအခါမှ လောစစ်ဟန် စောင့်နေသော အခွင့်အခါသို့ ရောက်လာခဲ့ပါသည်။ အာဏာပိုင်များက သူ့ကို သူ့ဇာတိ ကိုးကန့်သို့ ပြန်လွှတ်လိုက်ပြီး ဖုန်ကျားရှင်၊ ဖုန်ကျားဖုတို့နှင့် ဆွေးနွေးစေခဲ့သည်။ ဤဆွေးနွေးပွဲမှပင် ယခင် ကာကွယ်ရေးများနှင့် မြန်မာ့တပ်မတော် ရယူခဲ့ကြသော နားလည်မှုမျိုးလို သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာခဲ့ ပါသည်။ ဖုန်ကျားရှင်တို့ ကိုးကန့် စစ်မင်းအဖွဲ့များက ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ပေးမည်။ အပြန်အလှန်အနေနှင့် ထိုအဖွဲ့များ၏ မူးယစ်မှောင်ခို လုပ်ငန်းများကို အာဏာပိုင် များဘက်မှ မသိကျိုးကျွန် ပြုပေးထားမည်ဆိုသော သဘောတူညီချက် ဖြစ်ပါသည်။ မုန်းကိုး၊ မုန်းဟုမ် နှင့် ပန်ဆိုင်း အနီးတစ်ဝိုက်ရှိ ဘိန်းဖြူချက် စက်ရုံများသည်ကား ထိုစဉ်ကပင် ကောင်းစွာ လည်ပတ် အလုပ်ဖြစ်နေပြီး ဖြစ်သည်။
ထိုနှစ် ဧပြီလသို့ ရောက်သောအခါ ကိုးကန့်နယ်ထဲသို့ ဒုတိယ ကိုယ်စားလှယ်အဖွဲ့ ထပ်မံ ရောက်ရှိ လာခဲ့ပါသည်။ ထိုအဖွဲ့မရောက်မီ ဧပြီလ ၂၀ ရက်နေ့က လားရှိုးတွင်လည်း အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။ ဤအစည်းအဝေးတွင် ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ်များ၊ လောစစ်ဟန်နှင့် ရန်ကုန်မှလာသော နိုင်ငံရေးသမား ဦးအောင်ကြီးတို့ တက်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ လားရှိုး အစည်းအဝေးအပြီး နှစ်ရက်အကြာတွင် ဗိုလ်မှူးချုပ် ခင်ညွန့် (ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်၏ တရားဝင် အဆင့်မှာ ဗိုလ်မှူးချုပ်သာ ရှိသေးသည်။) နှင့် ဗိုလ်မှူးချုပ် မောင်သင့်တို့ ကိုးကန့်သို့ ရောက်လာကြပြီး ဖုန်ကျားရှင်၏ညီ ဖုန်ကျားဖုနှင့် ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးမှပင် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်။ ဗိုလ်မှူးချုပ် ခင်ညွန့်တို့ အဖွဲ့က ကိုးကန့်အဖွဲ့ကို ဖွံ့ဖြိုးရေး အကူအညီ ကျပ်ငွေ ငါးသန်းနှင့် ထောင်ဂဏန်းရှိသော ဆန်အိတ်များ ပေးခဲ့သည်ဟု သိရပါသည်။
ထိုအချိန်ကရှမ်းမြောက်တိုင်းမှုးမှာဗိုလ်ချုပ်မောင်သင့်ဖြစ်ပြီး ။အမှတ်(၉)ထောက်လှမ်းရေးတပ်မှုးမှာ
ဗိုလ်ချုပ်ခင်ညွန့်လွန်စွာအားကိုးရသောဗိုလ်မှုးသန်း
အေး(ဗိုလ်မှုးကြီးသန်းအေး/ကကလှမ်း-ကွယ်
လွန်)ဖြစ်သည်။BCPကိုပုန်ကန်သည့်ဖုန်ကျားရှင်မှာ
နောင်တွင်အခွင့်အရေးများစွာရှိပြီးအောက်ခြေ
လွတ်ကာများမကြာမီကရဲအရာရှိများကိုဖမ်းဆီး
ခေါ်ဆောင်မှုကြောင့်အရေးယူခံရမည်ကိုစိုးရိမ်ပြီး
တစ်ဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားသူဖြစ်သည်။
ထိုအချိန်လောက်မှစ၍ ကိုးကန့်နယ်တွင် ချက်သော ဘိန်းဖြူများမှာ လားရှိုး၊ မန္တလေးမှသည် ရန်ကုန်အထိ လမ်းပွင့်သွားခဲ့တော့သည်။ ဤခရီးစဉ်ကို အဆင်ပြေစေရန် လောစစ်ဟန်က သူ၏ တပ်မတော် အဆက်အသွယ်များကို အသုံးပြုပြီး ကိုးကန့် စစ်မင်းများကို ကူညီခဲ့သည်ဆိုသော အပြော အဆို များလည်းရှိသည်။ ၁၉၈၉ စက်တင်ဘာ ၉ ရက်အထိ စုဆောင်း ရရှိသော သတင်း အချက်အလက် များအရ ဆိုခဲ့ပါ ကိုးကန့် စစ်မင်းများ၏ ယာဉ်တန်းများ လုံခြုံ စိတ်ချစွာ ဖြတ်သန်း နိုင်ရန် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကူညီပေးခဲ့သည်ဆိုသော စွပ်စွဲချက်များလည်း ရှိပါသည်။ (Confidential Narcotics Update, 9-9-1989, from the KIO, and Western diplomats based in Rangoon)
ထိုနှစ် (၁၉၈၉) မေလတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်ပြီး ‘နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဗဟိုကော်မတီ’ ဆိုသော အထူး အဖွဲ့အစည်း တစ်ရပ်ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့တွင် ဗိုလ်မှူးချုပ် ခင်ညွန့်နှင့် အခြား အဆင့်မြင့် စစ်အရာရှိကြီးများလည်း ပါဝင်သည်။ ကိုးကန့်ဒေသတွင် ကနဦး အောင်မြင်မှုများ ရပြီး လအနည်းငယ် အကြာတွင် အဆိုပါ ကော်မတီက ယခင် ၈၁၅ စစ်ဒေသမှ ခေါင်းဆောင်သစ်များနှင့် ဆက်လက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တစ်ဖန် ၁၉၈၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဝ ခေါင်းဆောင် ကျောက်ညီလိုင်နှင့် အဖွဲ့ကို ဝ တောင်တန်းများပေါ်မှ ဟယ်လီကော့ပတာနှင့် တင်ခေါ်လာပြီး လားရှိုးသို့ ပို့ပေးခဲ့သည်။ လားရှိုးတွင် အသင့် စောင့်နေသော ဗိုလ်မှူးချုပ် ခင်ညွန့် ဦးဆောင်သည့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများ နှင့် ဆွေးနွေးခဲ့ကြသည်။ သည်လိုနှင့် ၁၉၈၉ ခုနှစ် အတွင်းမှာပင် ကချင်ပြည်နယ်မှလွဲ၍ ယခင် CPB ရှေ့တန်း စစ်မျက်နှာ တစ်လျှောက်တွင် သေနတ်သံများ တိတ်သွားခဲ့ပါတော့သည်။
သီအိုရီ သဘောအရဆိုလျှင် ကွန်မြူနစ် တပ်တွင်းပုန်ကန်မှုမှာ ဆယ်စု အချို့ကြာ မြန်မာ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေးအတွက် အဆင်ပြေ လွယ်ကူသွားစေနိုင်သည့်နည်းလမ်းကိုဗိုလ်ချုပ်ခင်ညွန့်ရှာဖွေတွေ့ရှိသွားပြီးနိုင်ငံတကာထောက်လှမ်းရေးမူအရကျင့်သုံးသည့်နည်းလမ်းတစ်ခုဖြစ်သည်ဟုဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူ ယခုအခါ တိုင်းပြည်တွင် ကွန်မြူနစ် သူပုန် မရှိတော့ဘဲ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများသာ ရှိတော့သောကြောင့် ဖြစ်ပါသည်။ သို့နှင့်တိုင် ရန်ကုန်ရှိ အစိုးရ အဆက်ဆက်၏ ယခင် မှတ်တမ်းများအရ လက်နက်ကိုင် အင်အားစုများ၏ နိုင်ငံရေး တောင်းဆိုချက် များကို လိုက်လျောလိုသည့် သဘောမရှိဘဲ အကြွင်းမဲ့ လက်နက်ချရေးကိုသာ တောင်းဆိုခဲ့သည်ကို တွေ့ရသည်။ ယခု ကွန်မြူနစ် တပ်တွင်းပုန်ကန်သူများနှင့် အစိုးရ၏ ဆက်ဆံရေးမှာလည်း နိုင်ငံရေး သဘောထက် စီးပွားရေးသဘော ဆောင်သည်ကသာ များသည်။
ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
သူတို့ ရရှိခဲ့ကြသော သဘော တူညီချက်များကို ကြည့်လိုက်လျှင်လည်း ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်မျိုး မပါသလို တရားဝင် နိုင်ငံရေး ဆွေးနွေးမှုမျိုးပင် ရှိခဲ့သည် မဟုတ်ပါချေ။
သို့တိုင်အောင် တရားမဝင် ညှိနှိုင်း ဆွေးနွေးမှုများကား ၁၉၈၉ နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ရန်ကုန်မြို့တွင် ဆက်လက် ရှိနေခဲ့ပါသည်။ ဤဆွေးနွေးပွဲများတွင် ယခင် CPB တပ်ဖွဲ့ ဟောင်းများမှ ဖုန်ကျားဖုနှင့် သူ့လက်ထောက် နှစ်ယောက် (လျူဂိုချီနှင့် လျူဂိုမင့်) ယခင် ၁၀၁ စစ်ဒေသမှ တိန့်ရင်းနှင့် ယခင် ၈၁၅ စစ်ဒေသမှ ကျန်းကျီမိန်တို့ ပါဝင်ကြသည်။ အစိုးရဘက်မှ ယခင် သူပုန် တပ်မှူးဟောင်းများကို ဆန်၊ ငွေကြေးနှင့် ဖွံ့ဖြိုးရေး အကူအညီအချို့ ပေးမည်ဟု ကတိပြု ခဲ့သည်။ တပ်ဖွဲ့ တစ်ဖွဲ့လျှင် အင်အား ၁,၀၀၀ စီ ခွင့်ပြုခဲ့ပြီး ဤတပ်များကို အစိုးရ ကြီးကြပ်မှုအောက် အသွင်ပြောင်းဖို့ကိုလည်း သဘော တူညီခဲ့ကြသည်။
အဆိုပါ ရန်ကုန် လျှို့ဝှက် အစည်းအဝေးများ မတိုင်မီ လအနည်းငယ်က (တိတိကျကျ ဆိုရလျှင် ၁၉၈၉ အောက်တိုဘာလက) မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ ၁၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ကြသည်။ ဤအဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေက ဦးဆောင်ခဲ့ပြီး တပ်မ (၉၉) တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းလည်း လိုက်ပါခဲ့သည်။ (ဗိုလ်မှူးကြီး ကျော်သန်းမှာ ကိုးကန့်နှင့် မုန်းကိုးတို့နှင့် မျက်နှာချင်းဆိုင် တောင်ကုန်းများကို တာဝန်ယူရသော ရှေ့တန်း တိုက်ခိုက်ရေး တပ်မှူး ဖြစ်သည်။) ဤခရီးစဉ်က ဘာကို ဖော်ပြနေသနည်းဆိုလျှင် ဆိုခဲ့ပါ CPB တပ်ဖွဲ့ဟောင်းများနှင့် အစိုးရကြား ဆွေးနွေးပွဲများ၏ နောက်ကွယ်တွင် ဘေဂျင်း၏ ခြေရာ လက်ရာအချို့ ပါကောင်း ပါနိုင်သည်ဆိုသော အချက် ဖြစ်ပါသည်။

ယခု စာအုပ်၏ နိဒါန်းတွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တော်လှန် ပုန်ကန်သူများနှင့် တရုတ်ပြည်၏ ဆက်စပ် ပတ်သက်မှုမှာ ရပ်စဲသွားလိမ့်မည်တော့ မဟုတ်ပါ။ ပုံသဏ္ဌာန် အသစ်များ၊ ပုံဖော်မှု အသစ်များ ပြောင်းလဲရုံမျှသာ ရှိပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဆယ်စု အချို့ကြာ ကွန်မြူနစ် တော်လှန်ပုန်ကန်မှုနှင့် ဤဖြစ်စဉ်ကြီးတွင် ပါဝင် ပတ်သက်ခဲ့သော တရုတ်ပြည်၏ အခန်းကဏ္ဍမှာလည်း သမိုင်း အမွေတစ်ရပ်အဖြစ် ရှေ့လာမည့် နှစ်အတန်ကြာထိ ဆက်လက် အရိပ်ထိုးနေပါလိမ့်ဦးမည်။ ဗမာပြည် ကွန်မြူနစ်ပါတီအနေနှင့် တိုင်းရင်းသားလူမျိုးစုများ၏ အိုင်ဒီယော်လော်ဂျီကို ရှေ့တန်းတင် ရပ်တည်ခဲ့ရာမှ တပ်တွင်း ပုန်ကန်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်မှာလည်း အရေးကြီးသည့် သမိုင်း သင်ခန်းစာ တစ်ရပ် ဖြစ်မြဲ ဖြစ်နေ ပါလိမ့်မည်။ ယခင် CPB ၊ ယခု KIA ထိန်းချုပ်ရာ ဒေသများနှင့် တိုင်းပြည်၏ အခြား ဒေသများ ပြန်လည် ပေါင်းစည်းရေးမှာလည်း ဆက်လက် ဖြေရှင်းကြရမည့် ပြဿနာတစ်ခုပင် ဖြစ်ပါသည်။
ဆိုခဲ့ပါ ပြဿနာ အထွေထွေကို အဆင်ပြေပြေ ဖြေရှင်းနိုင်ရေးနှင့် ဝ အမျိုးသားများ အပါအဝင် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ပြင်းပြသော ဆန္ဒနှင့် ရည်မှန်းချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးရေးမှာ (နေပြည်တော်တွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ အာဏာရသည် ဖြစ်စေ)၊ မြန်မာနိုင်ငံ၏ ဗဟို အစိုးရအတွက် အဓိက စိန်ခေါ်ချက် ဖြစ်ပါလိမ့်မည်။
၁၉၈၈ခုနှစ်လူထုအုံကြွမှုတွင်စစ်အစိုးရ (နဝတ)မှအာဏာသိမ်းရခြင်းအကြောင်းအ
ဖြစ်ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်ပုံချ
လိုက်သောဖြစ်စဉ်များကိုတင်ပြပါသည်။
Created By Thethtar Batheintin (သက်ထားဗသိန်းတင်)
Comments
Post a Comment