ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ
တရားဥပဒေဆိုသည်မှာ
ယခုတစ်လော မြင်တွေ့ကြားသိနေရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ အဓိက တရားခံကို ရှာကြည့်မိရာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပြဿနာကို တွေ့မိပါသည်။ တရားရုံးများ၏ တရားစီရင်ရေး အခြေအနေများ၊ ရဲတပ်ဖွဲ့၏ ဥပဒေပိုင်းနှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များ၊ အုပ်ချုပ်ရေးကဏ္ဍ အသီးသီးမှ အရာရှိ အရာထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံများ၊ ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းပေးထားသည့် ကော်မတီ ကော်မရှင်များ၏ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံများ အပါအဝင် ပြည်သူတို့၏ နေ့စဉ်ဘဝများတွင် ကြုံတွေ့နေကြရသော အခက်အခဲ ပြဿနာများမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်နှင့် ဆက်စပ်ဖြစ်တည်နေသည်ဟု ထင်မြင်မိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော် တည်ဆောက်မှု ခေါင်းစဉ်အောက်တွင် မရှိမဖြစ် ပါဝင်နေသည့် တရားဥပဒေစိုးမိုးရေး ကိစ္စကို အစိုးရအနေနှင့် ဖိဖိစီးစီး ကိုင်တွယ်သင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားကောင်းနေသလား ဆိုသော အမေးကို ဖြေဆိုရန် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပါပေ။ မနက်မိုးလင်း ရန်ကုန်မြို့ လမ်းမများပေါ်သို့ ထွက်လိုက်မိသည်နှင့် တစ်ပြိုင်နက် ဥပဒေ ချိုးဖောက်မှုများမှာ မမြင်ချင်မှ အဆုံးပင် ဖြစ်သည်။ စည်းကမ်းမဲ့ ပြိုင်မောင်း လုမောင်းနေကြသော ကားကြီးကားငယ်များ၊ လူသွားဖို့ နေရာမကျန်အောင် ပလက်ဖောင်းနှင့်အပြည့် ဈေးရောင်းချကြသူများ၊ ခရီးသွားပြည်သူများကို ဆဲဆိုအော်ငေါက် (အဆင်မသင့်လျှင် ရိုက်နှက်) တတ်သော ကားစပယ်ယာများကို မြင်တွေ့ရမည် ဖြစ်သည်။ ဤသည်မှာ အများပြည်သူ အလွယ်တကူ မြင်တွေ့နိုင်သော လမ်းမပေါ်မှ မြင်ကွင်းများသာ ဖြစ်ပြီး အများပြည်သူ မမြင်တွေ့နိုင်ဘဲ သက်ဆိုင်သူများသာ မြင်တွေ့နိုင်သော ဥပဒေ ချိုးဖောက်နေမှုများ၊ ဥပဒေကို လက်တစ်လုံးခြား ပြုမူနေသူများမှာ ကဏ္ဍအသီးသီးတွင် များစွာ ရှိနေကြပါသေးသည်။ ထို့အပြင် ရာဇဝတ်မှုများ ထူပြောလာခြင်းကလည်း ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိနေပါသည်။
‘တရားဥပဒေ’ ကို ‘အကျင့်ပျက်ခြစားမှု’ က အနိုင်ယူထားသော နိုင်ငံတွင် ၎င်း၏ အကျိုးဆက်ကို အဓိက ခံစားရသူမှာ ပြည်သူများသာ ဖြစ်ကြသည်။ ထို့အတွက် အစိုးရတွင် ဖြေရှင်းပေးရန် တာဝန်ရှိသည်။ အကျင့်ပျက်ခြစားမှုနှင့် ဥပဒေစိုးမိုးမှုမှာ ပြောင်းပြန်အချိုးကျတတ်ပါသည်။ ဥပဒေစိုးမိုးမှု အားနည်းလျှင် အကျင့်ပျက်ခြစားမှု အားကောင်းနေတတ်ပြီး ဥပဒေစိုးမိုးမှု အားကောင်းလျှင် အကျင့်ပျက်ခြစားမှု အားနည်းတတ်သည်။ ယင်းသီအိုရီကို အခြေခံ၍ တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန် အစိုးရ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
ဥပဒေဆိုသည်မှာ စည်းမျဉ်းဘောင်တစ်ခု ဖြစ်သည်။ ဥပဒေသည် လူမှုဘဝ လုံခြုံမှုကို အာမခံရသည်။ လွတ်လပ်မှုကို မပိတ်ပင်ရ။ တရားမျှတမှု ကို ဖော်ဆောင်ပေးသည်။ လူသားတို့၏ စစ်မှန်သော အကျိုးစီးပွားများနှင့် လူသားဘဝများကို အကာအကွယ်ပေးသည်။ အပြစ်ရှိမှုနှင့် အပြစ်ဒဏ် ချမှတ်မှုကို နှိုင်းဆဆောင်ရွက်သည်။
ဤသည်မှာ ဥပဒေ၏ ပင်ကိုယ်သဘောသဘာဝများ ဖြစ်ကြသည်။ ကမ္ဘာဦးအစ ကျောက်ခေတ်မှသည် လူသားများ၏ ယဉ်ကျေးမှုမှာ တစ်စစ တိုးတက်ပြောင်းလဲလာခဲ့ပြီး နေ့စဉ်လူမှုဘဝများတွင် ဥပဒေ စည်းမျဉ်းများကို ချမှတ်ဖော်ဆောင် အသုံးပြုခဲ့ကြပါသည်။
သို့သော် ‘တရားဥပဒေ’ ဆိုသော အဆင့်ထိတော့ မရောက်ကြသေးပေ။ အင်အားကြီးသူများက အင်အားနည်းသူများအပေါ် ဥပဒေ စည်းမျဉ်းများ ထုတ်ပြန်၍ အနိုင်ကျင့်သည်။ လက်နက်ရှိသူများက လက်နက်မရှိသူများအပေါ် ဥပဒေ စည်းမျဉ်းများ ထုတ်ပြန်၍ အနိုင်ယူသည်။ အမှန်တကယ်တမ်းတော့ ထိုအရာသည် ဥပဒေ မဟုတ်ဘဲ အင်အားကြီးသူ အနိုင်ရသူများက အင်အားနည်းသူ ရှုံးနိမ့်သူများအပေါ် ဗိုလ်ကျစိုးမိုးပြီး ချမှတ်ထားသော ‘ကန့်သတ်ချက်များ’ သာ ဖြစ်လေသည်။ ၎င်းကန့်သတ်ချက်များကိုပင် ဥပဒေဟု အယောင်ဆောင် အမည်တပ်ထားခဲ့ကြသည်။
တရားဥပဒေဟူ၍ ပီပီပြင်ပြင် ပေါ်ပေါက်လာစေရန်အတွက် ကနဦး လိုအပ်ချက်မှာ ယင်းဥပဒေ၏ တရားဝင်မှု (Legitimacy) ရှိဖို့ပင် ဖြစ်သည်။ ဥပဒေတစ်ခု၏ တရားဝင်မှုမှာ ယင်းဥပဒေကို မည်သူများက ပြဋ္ဌာန်း သည်၊ ဥပဒေနှင့် ပတ်သက်သည့် အဓိက သက်ဆိုင်သူများမှ သဘောတူညီမှု ရှိ မရှိ၊ ဥပဒေပါ အကြောင်းအရာများ ညီညွတ်မျှတမှု ရှိ - မရှိ ဆိုသည့် အချက်များဖြင့် တိုင်းတာနိုင်သည်။ အကယ်၍ ဥပဒေ ပြဋ္ဌာန်းသူများသည် အများပြည်သူက ထောက်ခံသော ပုဂ္ဂိုလ်များ မဟုတ်ခြင်း၊ အဆိုပါ ဥပဒေ၏ သက်ရောက်မှုကို အဓိက ခံစားရမည့် ကာယကံရှင် လူထုများမှ ယင်းဥပဒေကို လက်မခံနိုင်ခြင်း၊ ဥပဒေပါ အကြောင်းအရာများ ညီညွတ်မျှတမှု မရှိခြင်း စသည့် အခြေအနေများ ရှိနေခဲ့လျှင် အုပ်ချုပ်သူများ အနေဖြင့် အမိန့်အာဏာကို အသုံးပြု၍ ဇွတ်အတင်း ဥပဒေ ပြုကြသော်လည်း ယင်းဥပဒေမှာ တရားဝင်မှု မရှိဟု ဆိုရမည်သာ ဖြစ်ပါသည်။ တရားဝင်မှု မရှိသော ဥပဒေများကို ပြည်သူများက လိုက်နာနိုင်မှု အားနည်းတတ်သည်။ ထိုအခါ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာတော့သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံများတွင် ယင်းသို့ ဥပဒေပြုမှု တာဝန်ကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များက တာဝန်ယူ ဆောင်ရွက်လေ့ ရှိသည်။
ဆာင်ရွက်လေ့ ရှိသည်။
တရားဥပဒေစိုးမိုးရေးအတွက် ဘာတွေလိုအပ်မလဲ
တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အချက်အလက်များစွာ ရှိသော်လည်း အဓိက အရေးကြီးသော အချက်အလက်တို့ကိုသာ ယခုစာစုတွင် တင်ပြသွားမည် ဖြစ်ပါသည်။ ၎င်းတို့မှာ -
၁။ အချုပ်အခြာအာဏာ (Sovereignty)
၂။ ဥပဒေ လေးစားလိုက်နာသော လူမှုဝန်းကျင် (Law – abiding Society)
၃။ တရားမျှတမှု ရှိခြင်း (Justice)
၎။ သမာသမတ်ကျသော တရားစီရင်ရေး (Impartial judiciary)
၅။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု (Social collaboration) တို့ ဖြစ်ကြသည်။
ဥပဒေ လေးစားလိုက်နာသော လူမှုဝန်းကျင်
နိုင်ငံတစ်ခုတွင် ချမှတ်ထားသော တရားဥပဒေများကို လိုက်နာရန် အားလုံးတွင် တာဝန်ရှိပါသည်။ အုပ်ချုပ်သူ လူတန်းစားများမှ စ၍ နိုင်ငံအတွင်း နေထိုင်သော လူတန်းစား အသီးသီး အနေဖြင့် မိမိတို့ တိုင်းပြည်တွင် ချမှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ပြီး လေးစားလိုက်နာဖို့ လိုသည်။ ထို့အတွက် ဥပဒေ လေးစားမှုကို အစိုးရ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ရှိသူများ ကိုယ်တိုင်က စံပြနေထိုင်ပြကြဖို့ လိုပါသည်။ အုပ်ချုပ်သူ လူတန်းစားများက ဥပဒေကို လေးစားလိုက်နာပြမှသာ ပြည်သူကလည်း လေးစားလိုက်နာကြမည် ဖြစ်သည်။ လူမှုအဖွဲ့အစည်းအတွင်းမှာလည်း တရားဥပဒေကို လေးစားလိုက်နာလာစေရန် လှုံ့ဆော်ပေးခြင်းများကို ပြုလုပ်ပေးသင့်သည်။ အုပ်ချုပ်သူများသည် ဥပဒေကို လိုသလို ဆွဲယူအသုံးချခြင်း၊ လာဘ်လာဘ အကျိုးစီးပွား အလို့ငှာ ဥပဒေများကို လက်တစ်လုံးခြားပြုခြင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်၍ မသမာသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်း၊ ဥပဒေကို အသုံးချ၍ အနိုင်အထက်ကျင့်ခြင်းများကို လုပ်ဆောင်လာလျှင် ပြည်သူလူထုကလည်း ဥပဒေကို လေးစားကြတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဥပဒေကို လေးစားလိုက်နာသော လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိင်ရန် အုပ်ချုပ်ရေးကဏ္ဍမှ စတင်လုပ်ဆောင်သင့်သည်။
တရားမျှတမှုရှိခြင်း
တရားဥဒေစိုးမိုးရေးအတွက် အခြားလိုအပ်ချက်တစ်ခုမှာ ထုတ်ပြန်ပြဋ္ဌာန်းထားသော ဥပဒေများ၏ တရားမျှတမှုပင် ဖြစ်သည်။ ဥပဒေများသည် ပြည်သူလူထု၏ လုံခြုံမှု၊ လွတ်လပ်မှုနှင့် မျှတမှုကို အခြေခံဖို့လိုသည် ။အာဏာရှင်များ တစ်ဖက်သတ် ရေးဆွဲထားကြသော ဥပဒေများသည် များသောအားဖြင့် တရားမျှတမှု မရှိတတ်ပေ။ တရားမျှတမှု မရှိသော ဥပဒေများသည် ပြည်သူများအတွက် လိုက်နာရန် ခက်ခဲတတ်သည်။ တရားဥပဒေ ဆိုသည်မှာ အာဏာရှိသူနှင့် အာဏာမရှိသူတို့ အကြားတွင် အပြန်အလှန် နားလည်မှု သဘောတူညီမှုများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပုံစံမျိုးများသာ ဖြစ်သင့်သည်။ ထိုသို့မဟုတ်ဘဲ အာဏာရှိသူတို့၏ သဘောထား တစ်ခုတည်းဖြင့် ထင်သလို ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေများ ဖြစ်ခဲ့လျှင် ယင်းမှာ ဥပဒေဟု မမည်ပေ။ ဥပဒေတစ်ရပ်၏ တရားမျှတမှုသည် နိုင်ငံတစ်ခု နယ်ပယ်တစ်ခုအတွင်း တည်ရှိနေကြသော လူတန်းစား အသီးသီးအတွက် သာတူညီမျှ ရှိနေစေဖို့ လိုသည်။ အလုပ်ရှင် အလုပ်သမား၊ ဝန်ထမ်း၊ အရာရှိ၊ ပြည်သူ အစိုးရ အစရှိသည့် လူတန်းစား အဖွဲ့အစည်း အားလုံးအတွက် မျှမျှတတဖြစ်နေဖို့ အရေးကြီးပါသည်။
သမာသမတ်ကျသော တရားစီရင်ရေး
တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာတွင် တရားစီရင်ရေးကဏ္ဍ၏ သမာသမတ်ကျမှုကလည်း အရေးကြီးသည်။ ဥပဒေသည် ရွှေကိုစစ်ဆေးသော မှတ်ကျောက်သဖွယ် ဖြစ်ရပါမည်။ မှတ်ကျောက်သည် ရွှေကိုစစ်ဆေးရာ၌ မည်သည့်ဒေသက ထွက်သည်၊ မည်သူပိုင်ဆိုင်သည်ဟူသော အချက်များကို မစဉ်းစား။ ရွှေအစစ်ဟုတ် - မဟုတ်ကိုသာ ဆုံးဖြတ်ပေးသည်။ တရားဥပဒေသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ရပါမည်။ အကြောင်းအကျိုး၊ ဖြစ်ရပ်နှင့် အချက်အလက်များကို ပြည့်ပြည့်စုံစုံနှင့် တိတိကျကျ လေ့လာစစ်ဆေးပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း အဆုံးအဖြတ်ပေးခြင်းဖြင့် သမာသမတ်ကျသော တရားစီရင်ရေးကို ပုံဖော်ရမည် ဖြစ်ပါသည်။ ဥပဒေ၏ အဆုံးအဖြတ်တွင် အကာအကွယ်လည်း ရှိမည်၊ အပြစ်ဒဏ်လည်း ရှိနိုင်သည်။ မည်သူမည်ဝါ ဖြစ်သည် ဆိုခြင်းထက် ဥပဒေအတိုင်း စီရင်မှုသာဖြစ်ဖို့ လိုသည်။ လူကိုကြည့်ပြီး ဆုံးဖြတ်သော တရားစီရင်မှုမျိုး မဖြစ်သင့်ပေ။ ထိုသို့မဖြစ်စေရန် တရားစီရင်ရေးနှင့် ပတ်သက်သော ဝန်ထမ်းများ၊ တရားဥပဒေနှင့် ချိန်ညှိ၍ လုပ်ဆောင်နေကြရသော ပြည်သူ့ရဲတပ်ဖွဲ့များကို အကောင်းဆုံး လေ့ကျင့်သင်ကြားပေးနိုင်ဖို့ လိုအပ်သည်။ အကယ်၍ အဂတိလိုက်စားမှုများ ပေါ်ပေါက်ခဲ့လျှင်လည်း အစိုးရက ပွင့်လင်းမြင်သာစွာ အရေးယူပြခြင်းအားဖြင့် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တရားဥပဒေ လေးစားလိုက်နာလိုမှုကို မြှင့်တင်ပေးနိုင်ပါသည်။
ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု
တရားမမျှတမှု ဖြစ်စဉ်များကို တုံ့ပြန်နိုင်သော လူ့အဖွဲ့အစည်းများ၊ အသေးစိတ်လေ့လာ၍ တိတိကျကျ ဖော်ထုတ်ချပြနိုင်သော မီဒီယာ အဖွဲ့အစည်းများ ရှိနေခြင်းကလည်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေပါသည်။
ယင်းမှာ ပတ်ဝန်းကျင်၏ ‘အင်အား’ ကိုယူ၍ ထိန်းချုပ်ခြင်းလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း တရားလက်လွတ်ပြုကျင့်မှုများ အနိုင်ကျင့် စော်ကားခြင်းများကို တရားဥပဒေက ကန့်သတ်တားဆီးထားပြီး ဖြစ်ရာ ဥပဒေကို ဖောက်ဖျက်သော ထိုကိစ္စမျိုးများအတွက် ချက်ချင်းတုံ့ပြန်ဖော်ထုတ်နိုင်သော အခြေအနေများ ရှိနေပါက မည်သူမဆို လက်လွတ်စပယ် ကျုးလွန်ရဲတော့မည်မဟုတ်ပေ။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရာတွင် ပြည်သူများက ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ တရားစီရင်ရေး ဝန်ထမ်းများအပေါ် ယုံကြည်မှု ရှိနိုင်ဖို့ အရေးကြီးသည်။ ထိုသို့ ယုံကြည်မှုရှိမှသာ ရာဇဝတ်မှုခင်းများ ဖော်ထုတ်ခြင်း၊ မှုခင်းများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း အစရှိသော ကိစ္စများတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်လာမည် ဖြစ်သည်။
ပြည်သူလူထုက ပူးပေါင်း ပါဝင်လာမှသာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများလည်း အောင်မြင်လာနိုင်မည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ အနေဖြင့် ပြည်သူက ယုံကြည်လာအောင်၊ မိမိတို့ကို ပြည်သူက ပါဝင် ကူညီပေးချင်လာအောင် လုပ်ဆောင်ပြဖို့ လိုပါသည်။
တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ပြည်သူများ၏ လူမှုဘဝ လုံခြုံမှု တိုးတက်လာမည် ဖြစ်သလို နိုင်ငံ၏ ဂုဏ်သိက္ခာပိုင်းလည်း တိုးတက်လာမည် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းသော နိုင်ငံတစ်ခုကို မည်သည့်နိုင်ငံကမှ မလေးစားတတ်ပေ။ မိမိတို့ နိုင်ငံအတွင်းသို့ လာရောက်နေထိုင်သော နိုင်ငံခြားသားများ၊ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများသည်ပင်လျှင် တရားဥပဒေစိုးမိုးရေး အားနည်းသော နိုင်ငံတစ်ခုကို မလေးစား မခံ့ညားကြပေ။
မိမိတို့နိုင်ငံမှ ဥပဒေကို မိမိတို့ကိုယ်တိုင်ကမှ မလိုက်နာနိုင်လျှင် မလေးစားနိုင်လျှင် အခြားနိုင်ငံသားများကလည်း လေးစားမည် မဟုတ်။ တရားဥပဒေကို လေးစားလိုက်နာခြင်းသည် နိုင်ငံတစ်ခု၊ လူမျိုးတစ်ခု၏ ယဉ်ကျေးမှုစံနှုန်းကို ဖော်ညွှန်းသော ပြယုဂ်တစ်ခုလည်း ဖြစ်သောကြောင့် မိမိတို့ လူ့အဖွဲ့အစည်း၏ တရားဥပဒေလေးစားမှုကို မိမိတို့ ပြည်သူတစ်ယောက်ချင်းစီမှလည်း လိုက်နာကြဖို့ လိုအပ်ပါသည်။
မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ‘နားလည်မှု’ ဟူသော စကားလုံးမှာ အတော်လေး ရေပန်းစားသည်။ ထို့ကြောင့်လည်း ကိစ္စရပ်တိုင်းကို နားလည်မှုဖြင့်သာ လုပ်ဆောင်ချင်ကြသည်။ ဥပဒေ စည်းမျဉ်းများဖြင့် လုပ်ကိုင်ရသည်ကို သဘောမတွေ့တတ်ကြ။ ပြောင်းလဲလာသော ခေတ်စနစ်၏ လိုအပ်ချက်အရ အရာရာကို နားလည်မှုဖြင့် လုပ်ကိုင်ဆောင်ရွက်သော အခြေအနေတို့ကို ထားခဲ့ဖို့သင့်ပြီ ဖြစ်သည်။ နားလည်မှုဖြင့် လည်ပတ်နေကြသော အကျင့်စရိုက်များမှသည် ဥပဒေ မူဘောင်တို့ဖြင့် တိုင်းဆလုပ်ကိုင်သော ဥပဒေ လေးစားလိုက်နာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခု ဖြစ်လာစေရန် အစိုးရ အပါအဝင် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်ကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးမှု အားကောင်းပါက နိုင်ငံတကာက လေးစားခြင်းကို ခံရမည်။ နိုင်ငံအတွင်း ပြည်သူလူထု၏ လူမှုဘဝ လုံခြုံမှုမြင့်မားပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်။ ခရီးသွားလုပ်ငန်း အပါအဝင် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းများ ယုံယုံကြည်ကြည်ဖြင့် ပိုမိုဝင်ရောက်လာကြမည် ဖြစ်သည်။ သို့ဖြစ်ရာ တရားဥပဒေစိုးမိုးမှု ရှိခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန် ကြိုးစားထိန်းသိမ်း လိုက်နာနိုင်ကြဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Created By Thethtar Batheintin
from journalist Win Ko's Article

Comments
Post a Comment